ဘီဘီစီမြန်မာပိုင်းသတင်း
အိန္ဒိယက အသက် ၁၀၆ နှစ် ရှိပြီ ဆိုတဲ့ ဘွားအေကြီး (အဘွားရဲ့ အမေ အရွယ်) တယောက်ဟာ ခေတ်သစ် အွန်လိုင်း ရုပ်သံ လူမှု ကွန်ရက် တခု ဖြစ်တဲ့ ယူကျူ့ (YouTube) မှာ လူအများရဲ့ အသည်းနှလုံးတွေကို ဖမ်းစားထားနေပါတယ်။
ဘွားဘွားကြီး Mastanamma ဟာ အသက် ၁၀၆ နှစ် ရှိပြီ ဆိုတဲ့ အထောက်အထား စာရွက်စာတမ်း ကို မပြနိုင်ပေမယ့် ဒါက ယူကျူ့ ပရိသတ် အတွက် ပြဿနာ မဟုတ်ပါဘူး။
အိန္ဒိယရဲ့ ဝေးလံခေါင်သီလှတဲ့ ရွာငယ်ဇနပုဒ်လေး တခုကနေ လွှင့်တင်နေတဲ့ အဘွားအိုရဲ့ ဟင်းချက်နည်း ရုပ်သံတွေဟာ သန်းနဲ့ချီတဲ့ သူ့ ပရိသတ် အတွက် အဓိကပါပဲ။
မာစတာနားမား Mastanamma ရဲ့ မီးဖိုချောင်ကတော့ သဘာဝ ဟင်းလင်ပြင်ပါ။ အဲဒီမှာ ရှိတာနဲ့ ရတာနဲ့ ဟင်းဖြစ်အောင် လုပ်နိုင်တဲ့ သူ့ ဟင်းချက်နည်းတွေက လူအများကို စိတ်ဝင်စားစေတာပါ။
ဟင်းသီးဟင်းရွက်၊ ပဲ၊ ငါး၊ ပုစွန်၊ ကြက်ဥ ဟင်းအစုံစုံ ချက်ပါတယ်။ သူ့ရဲ့ နာမည်ကြီး ဟင်းလျာက ဖရဲသီးထဲ ထည့်ချက်တဲ့ ကြက်သားဟင်းပါ။
Mastanamma က သူ့ဟင်းတွေကို ထင်းမီးသွေးနဲ့ သဘာဝ လောင်စာတွေကို အသုံးပြုပြီး ချက်ပါသတဲ့။ အပေါ့အငံ ဆား ထည့်တာတွေကိုလည်း မျက်မှန်း လက်မှန်း လုပ်ပါတယ်။ အသီးတွေ အခွံနွှာဖို့တော့ သူ့ရဲ့ လက်သည်းတွေကို အသုံးပြုပါတယ်။ သူ့မှာ အိန္ဒိယရိုးရာ ဓားမ တခုရှိပါတယ်။ အဲဒါကတော့ သူ့ စိတ်ကြိုက် ဟင်းချက် အသုံးအဆောင် ပစ္စည်းပါပဲ။
ချက်ပြီးသား အစားအစာတွေအားလုံးကိုတော့ ငှက်ပျောရွက်နဲ့ တည်ခင်းပါသတဲ့။
ဘွားဘွား Mastanamma ရဲ့ ယူကျူ့ ရုပ်သံလိုင်းကို သူ့ မြစ်တွေနဲ့ သူ့ သူငယ်ချင်းတွေက တာဝန်ယူ တင်ဆက်ပေးနေပါတယ်။
အဲဒီ ရုပ်သံလိုင်းမှာ ကြည့်ရှုဖို့ စာရင်းသွင်းထားသူ ၃၀၀,၀၀၀ အတွက် Mastanamma ရဲ့ သတင်းစကား အကြံ ဉာဏ်ကတော့ “ဟင်းတွေအများကြီးချက်ပြီး ကောင်းကောင်းစားပါ” တဲ့။
ကဲ … ဘီဘီစီ ပရိသတ်တွေလည်း အောက်က ရုပ်သံကိုရှုစားပြီး ကောင်းကောင်းချက်၊ ကောင်းကောင်းစားကြည့်ကြရအောင်လား ခင်ဗျာ..။
ရုပ်သံကြည့်ရှုရန် --
http://bbc.in/2rlJexc
#ဘီဘီစီမြန်မာပိုင်း

Comments
Post a Comment