ဘောလုံးအားကစားသတင်း

"ကိုပါအီတာလီယာ ဂျူဗင်တပ်စ် ဗိုလ်စွဲပြီး ပြင်သစ်လိဂ်မှာ မိုနာကို ချန်ပီယံဖြစ်လာ"

"အီတလီ"

"လာဇီယို ၀-၂ ဂျူဗင်တပ်စ်"

ကိုပါအီတာလီယာ ဖလားဖိုင်နယ်ပွဲကို ရောမကွင်းမှာ အိမ်ရှင် လာဇီယိုနဲ့ ဂျူဗင်တပ်စ်တို့ ကစားခဲ့ပြီး လက်ရှိချန်ပီယံ ဂျူဗီက ၂ဂိုးပြတ်နဲ့နိုင်ပါတယ်။ နောက်ဆုံး ၂နှစ်ဆက် ဗိုလ်စွဲထားတဲ့ ဂျူဗင်တပ်စ်ဟာ အဓိက ကစားသမား အချို့ကို အနားပေးထားပေမယ့် အကောင်းဆုံး ခြေစွမ်းပြပြီး နိုင်ခဲ့တာပါ။ ဒီပွဲ ဂျူဗီအတွက် နောက်ခံလူ အဲဗက်စ်နဲ့ ဂိုးသမား နက်တိုတို့ အကောင်း ဆုံးကစားခဲ့ကြပါတယ်။ အဲဗက်စ်က ၁၂မိနစ်မှာ ဂျုဗီအတွက် အဖွင့်ဂိုး သွင်းပြီး ဘိုနူချီက ၂၅မိနစ်မှာ ထောင့်ကန်ဘောကနေ ဒုတိယဂိုးသွင်းပြီး နိုင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ လာဇီယိုရော ဂျူဗီတို့ အခွင့်အရေး တွေရခဲ့ပေမယ့် ဂိုးထပ်မသွင်းနိုင်ဘဲ ဂျူဗီက ၂ဂိုး-ဂိုးမရှိနိုင်ပြီး ကိုပါအီတာလီယာ ဖလားကို ၃နှစ်ဆက်ရယူနိုင်ခဲ့ပါတယ်။ ဂျူဗီဟာ လာမယ့် တနင်္ဂနွေနေ့မှာ ကရိုတိုနီကို အိမ်ကွင်းမှာ အနိုင်ရရင် စီးရီးအေ ချန်ပီယံဆုကိုလည်းရယူနိုင်မှာ ဖြစ်ပါတယ်။

"စပိန်"

"ဆယ်လ်တာဗီဂို ၁-၄ ရီးယဲယ်"

လာလီဂါ ပွဲကျန်ပွဲမှာ ရီးယဲယ်က တိုက်စစ်ခြေစွမ်းပြပြီး အဝေးကွင်းမှာ ဆယ်လ်တာဗီဂိုကို ၄ဂိုး-၁ဂိုးနဲ့နိုင်ပါတယ်။ နှစ်သင်းစလုံး လူစုံပါဝင်ခဲ့ပြီး ရီးယဲယ်က စောစောစီးစီးပဲ ဦးဆောင်ဂိုးရခဲ့ပါတယ်။ ရော်နယ်လ်ဒို ၁၀မိနစ်မှာ ဦးဆောင်ဂိုးသွင်းခဲ့တာပါ။ ပထမပိုင်းပြီးခါနီးမှာ ဆယ်လ်တာက ချေပဂိုးရနိုင်မယ့် အခွင့်အရေးတွေ များစွာရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ရီးယဲယ်က ဒုတိယပိုင်း ၃မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ရော်နယ်လ်ဒို နောက်ထပ် တစ်ဂိုးသွင်းခဲ့ပါတယ်။ ဆယ်လ်တာ တိုက်စစ်မှူး အက်စ်ပတ် အငြင်းပွားဖွယ်ရာ နှစ်ဝါနဲ့ အထုတ်ခံခဲ့ရပြီးနောက်ပိုင်း ရီးယဲယ် စိတ်ကြိုက် ကစားခဲ့ပြီး ဘန်ဇီမာ၊ တိုနီ ခရုစ်တို့ တစ်ဂိုးစီသွင်းခဲ့ပါတယ်။ ဆယ်လ်တာ အတွက် နှစ်သိမ့်ဂိုးကို ဂူဒက်တီက သွင်းခဲ့တာပါ။ ဒီပွဲအနိုင်ရလဒ်ကြောင့် ရီးယဲယ်က ဇယားထိပ်ကို ၃မှတ်အသာနဲ့ ပြန်ရောက်ခဲ့ပြီး နောက်ဆုံးပွဲမှာ မာလာဂါကို အဝေးကွင်းမှာ သရေကျရုံနဲ့ ချန်ပီယံဖြစ်မှာ ဖြစ်ပါတယ်။

"ပြင်သစ်"

"မိုနာကို ၂-၀ စိန့်အက်တီယန်"

တစ်ပွဲလျော့ ကစားထားတဲ့ မိုနာကိုကလည်း အဲ့ဒီပွဲကို အိမ်ကွင်းမှာ ကစားခဲ့ပြီး ကစားရခက်တဲ့ စိန့်အက်တီယန်ကို ၂ဂိုးပြတ်နဲ့နိုင်လို့ ပြင်သစ်လိဂ် ချန်ပီယံ ဖြစ်လာပါတယ်။ ၂၀၀၀ခုနှစ်နောက်ပိုင်း အမှတ်ပေး ချန်ပီယံ ဖလားနဲ့ ဝေးနေတဲ့ မိုနာကိုအတွက် ဘက်ပေနဲ့ ဂျာမိန်းတို့က တစ်ဂိုးသွင်းပြီး နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ မိုနာကိုအတွက် ပြင်သစ်လိဂ် မှာ ၈ကြိမ်မြောက် ချန်ပီယံဖြစ်တာလည်းဖြစ်ပါတယ်။

Comments

Popular posts from this blog

သင့်နှုတ်ခမ်းပေါ်မှ မှဲ့ 

တန်ဖိုး

အချစ်ကြောင့်တော်ဝင်မင်းသမီးဘဝကိုစွန့် လွှတ်မည့် ဂျပန်တော်ဝင်မင်းသမီး